ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်ခဲ့ရင်
ကိုယ်ဝန်ဆောင်ကာလ အမျိုးသမီးတိုင်းအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ စိုးရိမ်စရာ အများဆုံး ကာလပါ။ ပျော်ရွှင်ရပေမယ့်လည်း ကလေးလေးကို ကျန်းမာစွာ မွေးဖွားနိုင်ပါ့မလားဆိုတဲ့ ပူပန်မှုကလည်း မသေးပါဘူး။ နောက်ပြီး ကိုယ်ဝန်ဆောင်ကာလမှာ အပြောင်းအလဲတွေ များတာကြောင့် ခေါင်းကိုက်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါသေးတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ ခေါင်းကိုက်တာက ဖြစ်နေကျလား?
ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံးရဲ့ ဘယ်အချိန်မှာမဆို ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် အများဆုံးကတော့ ကိုယ်ဝန်ဆောင်ကာလ ပထမ ၃ လနဲ့ တတိယ ၃ လအတွင်းမှာပါ။ ကိုယ်ဝန်ဆောင်ကာလမှာ ခေါင်းကိုက်တာအပြင် ခြေကုန်လက်ပမ်းကျတာ၊ မအီမသာဖြစ်တာ၊ ကိုယ်ဝန်ဆောင်ကာလပျို့အန်တာတွေကိုလည်း ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲတာ သွေးပမာဏ တိုးလာတာတွေကြောင့် ခေါင်းကိုက်ရတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာက ဖြစ်နေကျတစ်ခုလို့ ဆိုရပါမယ်။
ကိုယ်ဝန်ဆောင်မိခင်တွေကို ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်း
ဒီအချက်တွေက ကိုယ်ဝန်ဆောင်မိခင်ကို ခေါင်းကိုက်စေနိုင်ပါတယ်။
- စိတ်ဖိစီးတာ
- ကိုယ်နေဟန်ထား မမှန်တာ
- အိပ်ရေးပျက်တာ
- သွေးတွင်းသကြားဓာတ် နည်းတာ
- ကဖင်း များတာ
- ရေဓာတ်နည်းတာတွေပါ။
ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်တာ သက်သာစေဖို့
ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးသောက်စရာ မလိုဘဲ ခေါင်းကိုက်တာကို သက်သာစေဖို့ဆိုရင်
ရေများများ သောက်ပါ
ရေဓာတ်ပြည့်ဝတာက ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ရေများများသောက်တာက ခေါင်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ခန္ဓာကိုယ်ကို အားပြည့်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာကို ကာကွယ်ဖို့ဆိုရင် တစ်နေ့ကို ရေ ၈ အောင်စ သောက်ပေးပါ။
ရေခဲဝတ် ကပ်ပေးပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းထဲက သွေးကြောတွေ ကျယ်တာကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဆိုရင်တော့ ရေအေးဝတ်လေး ကပ်ပေးလို့ ရပါတယ်။ နဖူးမျက်လုံးတွေကို ရေအေးဝတ်လေး တင်ပေးရင်း ခပ်ဖွဖွ နှိပ်ပေးတာက ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။
ရေနွေးဝတ် ကပ်ပါ
သွေးကြောတွေ တောင့်တင်းနေတာက သွေးစီးဆင်းမှုကို နည်းစေပြီး ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးကြောတွေ ပြေလျော့စေပြီး ခေါင်းကိုက်တာ သက်သာစေဖို့အတွက် ရေနွေးဝတ်လေးကို နဖူးမျက်လုံးတွေမှာ တင်ပေးရင်း ခပ်ဖွဖွ နှိပ်ပေးတာက ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။
ဂျင်း စားပါ
ဂျင်းက မအီမသာဖြစ်တာကို သက်သာစေသလို ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ဂျင်းက ကြွက်သားကျုံ့ဆန့်တာကို ဖြစ်စေတဲ့ prostaglandins ထုတ်လွှတ်တာကို တားပေးတာကြောင့် ခေါင်းမကိုက်အောင်လည်း ကာကွယ်ပေးပါတယ်။
တစ်ရေးအိပ်ပါ
အိပ်ရေးပျက်တာက ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင် သက်သာစေဖို့ နေ့လယ်နေ့ခင်း တစ်ရေးလောက် အိပ်လိုက်ပါ။ အိပ်ရာကနိုးလာတဲ့အခါ ခေါင်းကိုက်တာ သက်သာသွားပါလိမ့်မယ်။
သံပုရာရည် သောက်ပါ
သံပုရာရည်က ခေါင်းကိုက်တာကို သက်သာစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား တက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ရေနွေးဆူဆူထဲကို သံပုရာရည် ညှစ်ထည့်ပြီး ဂျင်းပါးပါး တစ်လွှာလောက် ထည့်လို့ သောက်ပေးလို့ ရပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တဲ့ဒဏ်ကို ကြိတ်မှိတ် ခံစားမနေပါနဲ့တော့။
ရေးသားသူ - မွန်မွန်